Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
Missionary Sisters of Faith (SMF)

Missionary Sisters of Faith (SMF)
ယုံကြည်ခြင်းသာသနာပြုသီလရှင်အသင်း


#အသင်းဂိုဏ်းတည်ထောင်ခြင်းသမိုင်းအကျဉ်း

          ဘုရားသခင်၏အလင်းပေးနှိုးဆော်မှုအားဖြင့် Mother Anna Maria Andreani သည် သစ္စာ(၃)ပါးခံသူတော်စင် ဘဝအသက်တာကို ခံယူအသက်ရှင်မည့် ယုံကြည်ခြင်သာသနာပြုဂိုဏ်းအား တည်ထောင်ရန် အလင်းပေးခြင်းခံခဲ့ရပါသည်။ မာသာရ်သည် အီတလီနိုင်ငံ၊ Bergamo တွင် ၁၉၃၃ ခုနှစ်၊ သြဂုတ်လ(၁၉)ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ ငယ်စဉ်ကတည်းက ဘုရားတရား ယုံကြည်ကိုင်းရှိုင်းသူဖြစ်သည်။ မိဘအုပ်ထိန်းသူ၏ နွေးထွေးမှုကိုရရှိပြီး မိမိကိုယ်ကိုယုံကြည်စိတ်ချသူ၊ ရဲရင့်ပြတ်သားသူဖြစ်ပြီး မိမိ၏ဘဝကို ဘုရားရှင်အား အပ်နှံဆက်ကပ်လိုသော ရည်ရွယ်ချက် ပြင်းပြသူဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် “Terziaia Fraternita Carmelitana’ Carmaellite” ဂိုဏ်းတွင် ဖြူစင်ခြင်းနှင့်နာခံခြင်းကတိသစ္စာကို ခံယူခဲ့သည်။ ကာမယ်လိုက် ဘဝအသက်တာတွင်နေထိုင်စဉ် ၁၉၆၆ ခုနှစ်တွင် သူမ၏ ဝိညာဉ်လမ်းညွှန် ဘုန်းတော်ကြီးတစ်ပါးနှင့် တွေ့ဆုံအပြီး သာသနာပြုစိတ်ဓါတ် မွေးဖွားလာသည်။ သူမ၏ဆုတောင်းခြင်း၊ တစ်နေ့တာ၏ လုပ်ဆောင်ခြင်းများကို သာသနာပြုလုပ်ငန်းအတွက် ပူဇော်ပေးပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကိုလည်း လက်တွေ့ဘဝ၌ သက်သေခံနိုင်ရန် ဆန္ဒများပြင်းပြ လာခဲ့သည်။ အသင်းတော်၌လည်း ဒုတိယဗာတီကန်ကောင်စီ၏ ပြန်လည်ဆန်းသစ်မှုနှင့် ပြုပြင်ပြောင်းလဲမှုများကြောင့် အသင်းတော်၏ ယုံကြည်ခြင်းကို ဂယက်ရိုက်ရှုပ်ထွေးနေသော ကာလဖြစ်ပါသည်။ ထို အခြေအနေမျိုးနှင့် တွေ့ကြုံရသောအခါ သူမသည် ကက်သလစ်အသင်းတော်၏ ယုံကြည်ခြင်းအတွက် ရပ်တည်ကာကွယ်ပေးလိုသော အတွင်းနှိုးဆော်သံကို ပဲ့တင်ရိုက်ခတ်နေသည့်ပမာ ကြားခဲ့ရပါသည်။  ထို့ကြောင့် Mother Anna Maria Andreani သည် ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပေါလူး နှင့် တွေ့ဆုံပြီး ရဟန်းမင်းကြီး၏ အားပေးမှုနှင့် ကာဒီနယ် Giuseppe Siri ၏ ထောက်ခံချက်ဖြင့် ယုံကြည်ခြင်းနှင့် အသင်းတော်အတွက်ဟူသော ဦးတည်ချက်ဖြင့် ၁၉၇၂ ခုနှစ်တွင် ကိုယ်တော်ရှင်၏ အသုံးတော်ခံဖြစ်သော Mother Anna Maria Andreani သည် Father Luigi Dulio Graziotti နှင့် လက်တွဲ၍ ယုံကြည်ခြင်းသာသနာပြု အသင်းဂိုဏ်းအား စတင်ဖွဲ့စည်းခဲ့ပါသည်။ နှစ်အနည်းငယ်ကြာပြီးနောက် ယုံကြည်ခြင်းသာသနာပြု သီလရှင်အသင်းဂိုဏ်းအား Pious Association ၁၉၈၁ ခုနှစ် မေလ (၃၀)ရက်တွင် အီတလီနိုင်ငံ၊ Fidenza သာသနာပိုင်ဆရာတော်ကြီး Mons. Mario Zanchin မှ အတည်ပြုသော ဒီဂရီရရှိခဲ့ပါသည်။ ၂၀၀၆ ခုနှစ် ဇန်နဝါရီလ (၆)ရက်တွင် အီတလီနိုင်ငံ၊ Sora-Aquino - Pontecorvo သနာပိုင်ဆရာတော်ကြီး His Excellency Bishop Luca Brandolini မှ ယုံကြည်ခြင်းသာသနာပြု သီလရှင်အသင်းဂိုဏ်းအား Institute of Consacrated life of Diocesan Right အဆင့်သို့  အတည်ပြုသော ဒီဂရီရရှိခဲ့ပါသည်။ ယုံကြည်ခြင်းသာသနာပြုဟူသော အမည်သည် အသင်းဂိုဏ်း၏ Charism နှင့် spirituality ကို ဖော်ပြသည်။ ယုံကြည်ခြင်း၌ သာသနာပြုစိတ်ဓါတ်ဖြင့် အသင်းတော်၏အမှုတော်ကို စွမ်းဆောင်နိုင်ရန် မီးမောင်းထိုးပြသည်။ ယုံကြည်ခြင်းသာသနာပြုသီလရှင်များသည် အီတလီ၊ ဘရာဇီး၊ ဆာမိုအာ၊ ဇိလိပိုင်၊ အိန္ဒိယ၊ ဟာဝိုင်အီ၊ မြန်မာ စသည့်နိုင်ငံတို့တွင် သာသနာအမှူတော်ထမ်းဆောင်လျက်ရှိပါသည်။

#မြန်မာနိုင်ငံသို့ရောက်ရှိလာပုံ
ယုံကြည်ခြင်း၌ သာသနာပြုရန် စိတ်ဆန္ဒများပြင်းပြသော ကျွန်မတို့အသင်းဂိုဏ်း တည်ထောင်သူသည် ခရစ်ယာန် ဘာသာဝင် မဟုတ်သောသူများကြားမှာ ဘုရား၏ချစ်ခြင်း မေတ္တာတရားပြသရန်နှင့် ခရစ်တော်၏ ကယ်တင်ခြင်းသတင်းကောင်းကို ကြေငြာရန် ရည်မှန်းလုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ ယုံကြည်ခြင်းသာသနာပြု အသင်းရောက်ရှိရန် စီစဉ်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် Mother Anna Maria Andreani သည် အီတလီနိုင်ငံ ရောမမြို့၌ ကျောင်းထိုင်တော်မူသော ယုံကြည်ခြင်းသာသနာပြု Fr. Andrea Spegne အား လွိုင်ကော်ကက်သလစ်သာသနာ ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်ဆိုတေးရိုဖါးမော နှင့် အဆက်အသွယ်ရယူစေပြီး  လွိုင်ကော်ကက်သလစ်သာသနာမှ အမျိုးသမီး (၃)ဦးအား ဖိလိပိုင်နိုင်ငံနှင့် အီတလီနိုင်ငံတို့တွင်  အသင်းဂိုဏ်း၏ဘဝအသက်တာကို လေ့လာဆည်းပူးစေခဲ့သည်။ ဓမ္မပညာရပ်များကို လေ့လာဆည်းပူးပြီးနောက် သစ္စာသုံးပါးကို ခံယူပြီးသော သီလရှင်(၃)ပါးသည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး ၁၉၉၆ ခုနှစ် သြဂုတ်လ(၄)ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင်  ယုံကြည်ခြင်းသာသနာပြုသီလရှင်များ စတင်အခြေချနေထိုင်ခဲ့သည်။ သက္ကရာဇ်၂၀၀၀ ခုနှစ်မှစ၍ အသင်းဂိုဏ်းကို စိတ်ဝင်စားသော အမျိုးသမီးများအတွက် သီလရှင်ဖြစ်သင်တန်းကျောင်းကို လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တွင် ဖွင့်လှစ်ခဲ့သည်။
ယနေ့အထိ မြန်မာပြည်မှ သီလရှင်ပေါင်း (၃၀) ပါးရှိပြီး မြန်မာ၊ အီတလီ၊  ဟာဝိုင်အီ နှင့် ဖိလိပိုင် စသည့်နိုင်ငံတို့တွင် သာသနာအမှူတော် ထမ်းဆောင်နေပါသည်။ ယုံကြည်ခြင်းသာသနာပြု သီလရှင်များသည် မိခင်အသင်းဂိုဏ်း၏ လုပ်ဆောင်ချက်များကို မျက်မှောက်အသင်းတော်၏ သွန်သင်ချက်နှင့်အညီ မိမိနှင့်နီးစပ်သူတို့၏ ယုံကြည်ခြင်းအသက်တာ ရှင်သန်ဖွံ့ဖြိုးရန် ဆုတောင်းပူဇော်ခြင်း၊ အသင်းတော်၏ တမန်တော်လုပ်ငန်းများဖြစ်သော ဘုရားစကားသင်ကြားပေးခြင်း၊ လူငယ်များအား ပြုစုပျိုးထောင်ပေးခြင်း၊ မူကြိုကျောင်းများဖွင့်၍ ကလေးများနှင့် မိဘများကိုမြှင့်တင်ပေးခြင်း၊ အသင်းတော်၏လိုအပ်ချက်အတိုင်း ဝင်ရောက်လုပ်ကိုင်ပေးခြင်းတို့ဖြင့် သာသနာနှင့်အသင်းတော်အား အစေခံလျှက်ရှိနေပါသည်။

#Charism:  Faith and Mission
ယုံကြည်ခြင်း နှင့် သာသနာပြုခြင်း ၌အစေခံခြင်း။

#Motto: 
ယုံကြည်ခြင်း၌ ကျေးဇူးတော်နှင့်ပျော်ရွှင်ခြင်း။

#Vision:  
ဘုရားရှင်၏ကယ်တင်ခြင်း လုပ်ငန်း၌ပါဝင်ဆက်ကပ်ခြင်းဖြင့် ဘုရားရှင်ကို လူသားများဆီသို့ သယ်ဆောင်ပေးပြီး လူသားများကို ဘုရားဆီသို့ ကူညီပို့ဆောင်ပေးရန်။

#Mission:
- ယေဇူးခရစ်တော်ကို မယုံကြည်သေးသောသူများထံ သခင်ခရစ်၏ သတင်းကောင်းဝေမျှခြင်း။
- မိမိနှင့်နီးစပ်သူတို့၏ ယုံကြည်ခြင်းအသက်တာရှင်သန်ဖွံ့ဖြိုးခြင်းကို ပြုစုပျိုးထောင်ပေးခြင်း။
- အားနည်းနေသောယုံကြည်ခြင်းအသက်တာကို ပြန်လည်အသက်သွင်းပေးခြင်း။
-ပျောက်ဆုံးနေသော ယုံကြည်ခြင်းအသက်တာကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်ရန် နှင့် ခရစ်တော်၏တစ်ခုတည်းသောအသင်းတော်၌ ပြည့်ဝစုံလင်သော ယုံကြည်ခြင်းသက်သေခံဖြစ်နိုင်ရန် ကူညီပေးခြင်း။

#Logo:                                                          

#Charism: “ယုံကြည်ခြင်းနှင့် သာသာနာပြုခြင်း၌ အစေခံခြင်း”

#ယုံကြည်ခြင်းသာသနာပြုသီလရှင်ဂိုဏ်းတည်ထောင်သူများ

- Mother Anna Maria Andreani/ - Father Luigi Duilio Graziotti

တည်ထောင်သည့်နေ့ - ၃၀.၅.၁၉၈၁
အသင်းဂိုဏ်းပွဲနေ့    - ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားပွဲ “Holy Trinity”

#အသင်းဂိုဏ်းသို့ဝင်လိုသူတစ်ဦးအတွက်လိုအပ်ချက်များ
-အသက်(၁၇)နှစ်အထက်ရှိရမည်။
-မိမိဆန္ဒအလျောက် လွတ်လပ်စွာအသင်းသို့ ဝင်ရောက်လိုသူဖြစ်ရမည်။
-သာသနာအမှုတော်ထမ်းဆောင်လိုသောစိတ်ရှိရမည်။
-ရိုးသား၍ပျော်ရွှင်တတ်သူနှင့် ကျန်းမာရေးအသင့်အတင့်ကောင်းမွန်ရမည်။
-တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးသူဖြစ်ရမည်။

#ယုံကြည်ခြင်းသာသနာပြုစစ္စတာရ်ဖြစ်ရန်အဆင့်များ။

#ဝင်လိုသူ (Aspirancy)
          ဤအဆင့်တွင် ဘုရားစကား၊ အင်္ဂလိပ်စာ၊ မြုးဇစ်၊ သီချင်း၊ အချုပ်အလုပ်နှင့် ကွန်ပျူတာပညာ တို့ကို သင်ကြားရပါသည်။ (Aspirancy) ကိုဝင်ရောက်လိုပါက သက်ဆိုင်ရာကျောင်းထိုင် ဖာသာရ်မှတစ်ဆင့် လိုအပ် သောခွင့်ပြုချက်၊ ထောက်ခံစာများတောင်းလာရမည်။  ဤအဆင့်အတွက် အချိန်ကာလအကန့်အသတ်မရှိပါ။

#တောင်းခံသူ (Postulants)
တောင်းခံသူဘဝတွင် သူတော်စင်ဘဝ၌ ဆိုအပ်သောနေ့စဉ်မေတ္တာများ၊ နေ့စဉ်သမ္မာတရား ထောက်ရှုစဉ်းစားနည်းများ၊ ကယ်တင်ခြင်းသမိုင်း၊ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာများ၊ စိတ်ပိုင်းဆိုင်ရာဝိညာဉ်ရေးလမ်းညွှန်မှုများ၊ ခေါ်တော်မူခြင်းနှင့် ရည်မှန်းချက်မှန်ကန်စေရန်တို့ကို သင်ကြားခြင်းနှင့်် သင်တန်းကာလမှာ အနည်ဆုံး(၆)လ အများဆုံး(၂)နှစ်ဖြစ်ပါသည်။

#စစ္စတာရ်လောင်း (Novice)
စစ္စတာရ်လောင်းအဆင့်သို့ ရောက်သောအခါ ကတိသစ္စာသုံးပါးအကြောင်း၊ ကျမ်းစာတော်မြတ်ကိုလေ့လာခြင်း၊  အသင်းဂိုဏ်း၏ စည်မျဉ်းဥပဒေများ အကြောင်းအသေးစိတ် လေ့လာခြင်းအပြင် တမန်တော်လုပ်ငန်းအတွေ့အကြုံများကိုရယူပြီး အချိန်ကာလအားဖြင့် (၂)နှစ်ခန့်ကြာမြင့်သည်။ ဤအဆင့်တွင် ပထမနှစ်သင်တန်းကို အပြည့်အဝတက်ရောက်ပြီးနောက် ဒုတိယနှစ်တွင် စစ္စတာရ်ကျောင်းတစ်ကျောင်း၌ (၆)လခန့်ကွင်းဆင်းလေ့လာရမည်ဖြစ်ပါသည်။

#ယာယီကတိသစ္စာခံယူသူ (Temporary professed)
ယာယီကတိသစ္စာခံယူပြီးသူသည် မြန်မာပြည်တွင်းနှင့်ပြည်ပရှိ သင့်တော်သောသင်တန်းများ တက်ရောက်ခြင်း၊ ကတိသစ္စာရှင်သာသနာပြုဘဝကို လေးလေးနက်နက်ကျင့်သုံးခြင်း၊ တမန်တော်လုပ်ငန်းတွင်ပါဝင်ခြင်း၊ ကွဲပြားသော ဘာသာတရားအချင်းချင်း နှီးနှောဖလှယ်မှုများတွင်ပါဝင်ကြသည်။ ယာယီသစ္စာဖြင့် ဆက်ကပ်သောကာလမှာ(၆)နှစ်ဖြစ်ပြီး ထိုနှစ်များတွင် နှစ်စဉ်ကတိသစ္စာပြန်လည်ပြုလုပ်ရသည်။ (၆)နှစ်ပြည့်လျှင်တစ်သက်သစ္စာကို တောင်းခံနိုင်ပါသည်။

#တစ်သက်သစ္စာခံယူသူ (Perpetual Professed)
တစ်သက်သစ္စာခံယူပြီးသော သီလရှင်သည် အသင်းတော်၏ သာသနာပြုလုပ်ငန်းအတွက် လုံးလုံးလျားလျား ဆက်ကပ်အစေခံခြင်းဖြင့်လည်းကောင်း၊ နေ့စဉ်အသက်တာ၌ ဆုတောင်းခြင်းနှင့် တရားစီးဖျန်းခြင်းဖြင့်လည်းကောင်း၊ အသင်းတော်၏ သွန်သင်ချက်များကို ဆက်လက်လေ့လာဆည်းပူးခြင်းအားဖြင့် မိမိတို့၏အသက်တာကို ခရစ်တော်၌တည်ဆောက်နေထိုင်သည်။

#ဆက်သွယ်ရန်လိပ်စာ
စစ္စတာရ် မာရိယာကော်ရက်တီ (Reginal Delegate)
သစ္စာရှင်မယ်တော်ကျောင်း
ဒေါဆန်းဘွန်း၊ လွိုင်ကော်မြို့
ဖုန်း ၀၉၄၂၅၀၀၈၇၉၈
mfsloikaw@gmail.com

စစ္စတာရ် နော်ဗြူးတီ
စိန်ထရေးဇာ သီလရှင်ဖြစ်သင်ကျောင်း
မိုင်းလုံးရပ်ကွက်၊ လွိုင်ကော်မြို့
ဖုန်း  ၀၉၉၆၅၉၂၃၂၂၀
Beautysmf771@gmail.com 

 

Untitled Document
Total viewer: 346072